ရီယိုအိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဘရာဇီးလ်နဲ့ ဂျာမနီ အသင်းတို့ ဆုံတွေ့ခဲ့ပြီး ပုံမှန်ပွဲချိန်အတွင်း (၁-၁)ဂိုး သရေကျ၊ အချိန်ပိုမှာ ဂိုးတွေထပ်မသွင်းနိုင်ဘဲ ပယ်နယ်တီ အဆုံးအဖြတ်မှာ ဘရာဇီးလ်အသင်းက (၅-၄)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ပထမပိုင်း (၂၇)မိနစ်မှာပဲ ဘရာဇီးလ် တိုက်စစ်မှူး နေမာ ဖရီးကစ်ကတစ်ဆင့် အသင်းအတွက် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး ဂျာမနီ ကွင်းလယ်လူ မက်စ်မေယာက ဒုတိယပိုင်း (၅၉)မိနစ်မှာ ချေပဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်။
 လက်ကျန်ပွဲချိန်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်တာကြောင့် အချိန်ပို 
ဆက်လက်ကစားခဲ့ရပါတယ်။ အချိန်ပို (၃၀)မိနစ်ပြည့်ပြီး ပွဲချိန်မိနစ်(၁၂၀) 
ကစားခဲ့ရာမှာ တစ်သင်းချင်း ဂိုးပေါက်တည့်မှု (၃)ကြိမ်စီသာရှိခဲ့ပြီး 
ဂိုးတွေထပ်မံ သွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။
ပယ်နယ်တီ အဆုံးအဖြတ်မှာတော့ ဘရာဇီးလ်အသင်းက သြဂတ်စထရို၊ မာကွင်ဟို့စ်၊ ရာဖင်ဟာ၊ လူအန်၊ နေမာတို့ (၅)ဦးစလုံး ဂိုးဝင်အောင် သွင်းနိုင်ခဲ့ပြီး ဂျာမနီအသင်းဘက်က ဂျင်တာ၊ နာဘရီ၊ ဘရန့်တ်၊ နစ်လပ်စ်ဆူးလ်တို့ (၄)ဦး ၀င်ခဲ့ပေမယ့် ပီတာဆန် လွဲချော်ခဲ့တာကြောင့် ဘရာဇီးလ်အသင်းက (၅-၄)ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းဖြစ်ပြီး (၅)ကြိမ်အထိ ဗိုလ်စွဲခဲ့ဖူးပေမယ့် အိုလံပစ် ပြိုင်ပွဲမှာတော့ အရင်က ငွေတံဆိပ် (၃)ကြိမ်၊ ကြေးတံဆိပ် နှစ်ကြိမ်သာ ရယူခဲ့ဖူးတာပါ။ ဒါကြောင့် အိမ်ရှင်အဖြစ်ကျင်းပတဲ့ ရီယိုအိုလံပစ်မှာ ဗိုလ်စွဲခဲ့တဲ့ ဘရာဇီးလ် အသင်းဟာ ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးခဲ့တာ ဖြစ်ပါတယ်။
တတိယနေရာလုပွဲမှာတော့ နိုင်ဂျီးရီးယားအသင်းက ဟွန်ဒူးရပ်စ် အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
■ ရီယိုအိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲရလဒ်
ဘရာဇီးလ် ၁-၁ ဂျာမနီ
(ပယ်နယ်တီတွင် ဘရာဇီးလ် ၅-၄ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲ)
■ ရီယိုအိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲရလဒ်
ဟွန်ဒူးရပ်စ် ၂-၃ နိုင်ဂျီးရီးယား
Photos: Daily Mail
 
No comments:
Post a Comment