ရွန်နီကို ယုံကြည်မှုရှိသော်လည်း ခြေစွမ်းမကောင်းမွန်ပါက အရံခုံထိုင်ရမည်ဟု မော်ရင်ဟိုသတိပေး
မန်ယူအသင်းနည်းပြ မော်ရင်ဟိုက အသင်းခေါင်းဆောင်ရွန်နီအပေါ် ယုံကြည်မှုရှိနေသော်လည်း
ခြေစွမ်းမကောင်းမွန်ပါက အရံခုံသို့ရောက်ရှိနိုင်ကြောင်း သတိပေးခဲ့သည်။
အသက်(၃၁)နှစ်အရွယ် တိုက်စစ်မှူး ရွန်နီသည် ပြီးခဲ့သည့် မန်ယူအသင်း၏ ပွဲစဉ်များတွင်
ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများဖြင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။
 မော်ရင်ဟိုက '' ရွန်နီက အသင်း၊ နည်းပြနဲ့ ကစားသမားတွေရဲ့ အသင်းခေါင်းဆောင်ပါ။
ကစားသမားတွေက သူ့ကိုယုံကြည်တယ်။ ကျွန်တော်ကလည်း ယုံကြည်တယ်။
မန်ယူအသင်းအတွက် ကစားသမားတစ်ဦးအနေနဲ့ရော၊ လူပုဂ္ဂိုလ်အနေနဲ့ပါ အကောင်းဆုံးကိုယ်စားပြုနိုင်ခဲ့သူပါ။
ဘောလုံးလောကမှာ လူတိုင်းဟာ တစ်ပြေးညီပါပဲ။
အရံခုံထိုင်ရမယ့်အခြေအနေမျိုးရှိရင် အရံခုံကို ရောက်ပါလိမ့်မယ်။
အိမ်မှာနေရမယ့်အခြေအနေမျိုးဆို အိမ်မှာပဲ နေရပါမယ်။
ဒါဟာ သူ့အပေါ် ယုံကြည်ခြင်း၊ မယုံကြည်ခြင်းနဲ့ မဆိုင်ပါဘူး။
ကျွန်တော်တို့ကြားမှာလည်း ဘာပြသနာမှ မရှိပါဘူး။
သူဟာ ကျွန်တော်တို့အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ပေမယ့် ခြေစွမ်းမပြနိုင်ဘူးဆို
တခြားသူတွေလိုပဲ ဆုံးဖြတ်ရပါလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် မော်ရင်ဟိုက ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ကစားခဲ့သည့် ဆလိုဗက်ကီးယား-အင်္ဂလန်ပွဲမှ ရွန်နီ၏ ခြေစွမ်းအပေါ် ပြင်းထန်စွာဝေဖန်ခဲ့သူများကို ပြစ်တင်ခဲ့သည်။
'' အင်္ဂလန်အသင်းသမိုင်းမှာ အရေးပါတဲ့ကစားသမားတစ်ဦး၊ အင်္ဂလန်အသင်းခေါင်းဆောင်တစ်ဦး၊ စံချိန်တင်ဂိုးသွင်းထားသူတစ်ဦး၊ ပွဲအများဆုံးကစားထားသူတွေထဲက တစ်ဦးကို လူတချို့ရဲ့ ဝေဖန်မှုတွေက ပြင်းထန်လွန်းတယ်လို့ ကျွန်တော်ထင်ပါတယ်။
ဒီဝေဖန်မှုတွေကို သူအကောင်းဆုံးရင်ဆိုင်နိုင်စွမ်းရှိပါတယ်'' ဟု မော်ရင်ဟိုက မှတ်ချက်ပြုခဲ့သည်။
ရွန်နီကလည်း ဝေဖန်မှုများကို ဂရုမစိုက်ဘဲ ပုံစံကောင်းပြန်လည်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက တုံ့ပြန်ခဲ့သည်။
ပုံစာ-မန်ယူနည်းပြမော်ရင်ဟိုနှင့် အသင်းခေါင်းဆောင်ရွန်နီ
Photo:AFP

No comments:
Post a Comment