Saturday, December 17, 2016

အိမ်ကွင်းတွင် နိုင်ပွဲရယူပြီး လက်ရှိချန်ပီယံထိုင်းအသင်း ဆူဇူကီးဖလားပြိုင်ပွဲ ချန်ပီယံဆုကို ငါးကြိမ်မြောက် ဆွတ်ခူး

အိမ်ကွင်းတွင် နိုင်ပွဲရယူပြီး လက်ရှိချန်ပီယံထိုင်းအသင်း ဆူဇူကီးဖလားပြိုင်ပွဲ ချန်ပီယံဆုကို ငါးကြိမ်မြောက် ဆွတ်ခူး
--------------------------------------------------------------------------------------------------------------------
၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ဒုတိယအကျော့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်း၌ ကျင်းပရာ ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် (၃-၂) ဂိုးဖြင့် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ထိုင်းအသင်းသည် ချန်ပီယံဆုကို ဆက်လက်ကာကွယ်နိုင်ခဲ့ပြီး ဆူဇူကီးဖလားချန်ပီယံဆုကို ငါးကြိမ်မြောက် ရယူနိုင်ခဲ့သည်။
အဝေးကွင်းတွင် (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ထိုင်းအသင်းသည် အိမ်ကွင်းတွင် အနိုင်ရရန် ပွဲစကတည်းက ကြိုးပမ်းခဲ့ပြီး ပွဲစကတည်းက ခြေအသာဖြင့် ဖိကစားနိုင်ခဲ့သည်။ ၃၇ မိနစ်တွင် ထိုင်းအသင်း ဂိုးစတင်ရရှိခဲ့ပြီး အင်ဒိုနီးရှားနောက်ခံလူ၏ ဖျက်ထုတ်မှုမှာ ထိုင်းတိုက်စစ်မှူး ချာသောင်နှင့်ထိ၍ ဂိုးဝင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင်လည်း ထိုင်းအသင်းကသာ ပွဲကိုဆက်လက်ထိန်းချုပ်နိုင်ခဲ့ပြီး ၄၇ မိနစ်တွင် ချာနာသစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ချာသောင်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ၈၃ မိနစ်တွင် တီယာဆေးလ်ဒန်ဒါ၏ ပယ်နယ်တီမ၀င်ခဲ့သောကြောင့် ထိုင်းအသင်း နစ်နာခဲ့၇ပြီး ပွဲပြီးခါနီးတွင် အင်ဒိုနီးရှားနောက်ခံလူ လီစတာလူဟူ ထိုင်းအရန်ခုံတန်းသို့ ဘောလုံးဖြင့်ကန်ခဲ့သောကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ အင်ဒိုနီးရှားအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ၁၁ ကြိမ်တွင် ဗိုလ်လုပွဲသို့ ငါးကြိမ်တက်ရောက်ခဲ့သော်လည်း ငါးကြိမ်စလုံး ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထိုင်းအသင်းသည် ချန်ပီယံဆုကို ၁၉၉၆၊ ၂၀၀၀၊ ၂၀၀၂၊ ၂၀၁၄၊ ၂၀၁၆ ခုနှစ်တို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် ဆုချီးမြင့်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ထိုင်းအသင်းက ချန်ပီယံဆုဖလားနှင့် ဆုကြေး ဒေါ်လာ နှစ်သိန်း၊ ဒုတိယဆုရ အင်ဒိုနီးရှားအသင်းက ဒေါ်လာ ၇၅၀၀၀၊ ဆီမီးဖိုင်နယ်ရောက်ရှိခဲ့သည့် မြန်မာနှင့် ဗီယက်နမ်အသင်းက ဒေါ်လာ ၅၀၀၀၀ စီ ရရှိခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆုကို ချာနာသစ် (ထိုင်း)၊ သွင်းဂိုးအများဆုံးဆုကို တီယာဆေးလ်ဒန်ဒါ (၆ ဂိုး၊ ထိုင်း)၊ အသန့်ရှင်းဆုံးအသင်းဆုကို ထိုင်းအသင်းတို့က ရရှိခဲ့သည်။
Photo-AFP/ affsuzukicup.com



No comments:

Post a Comment