■ အီတီဟတ်မှာ မန်စီးတီးကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လိုက်တဲ့ ချယ်လ်ဆီး
ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) စနေည အစောဆုံး ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ချယ်လ်ဆီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ချယ်လ်ဆီး အသင်းက ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးက ချယ်လ်ဆီးလိုပဲ ၃-၄-၃ ဆန်ဆန် ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အဂွဲရိုး၊ ဒီဘရိုင်း၊ ဒေးဗစ်ဆေးလ်ဗား၊ ကွင်းလယ်မှာ ဆာနေး၊ ဂွန်ဒိုဂန်၊ ဖာနန်ဒင်ဟို၊ နာဗတ်စ်၊ နောက်တန်းမှာ ကိုလာရော့ဗ်၊ စတုန်းစ်၊ အော်တာမန်ဒီတို့ ကစားခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ ၃-၄-၃ ရဲ့ ပုံမှန် ပွဲထွက် ကစားသမား အများစုနဲ့ ပွဲထွက်လာပြီး ကွင်းလယ်မှာ မာတစ်အစား ဖာဘရီဂတ်စ် ကစားတာပဲ အပြောင်းအလဲ ရှိခဲ့ပါတယ်။
မန်စီးတီးက ကစားကွက်အသာနဲ့ ချယ်လ်ဆီးကို ဖိအားပေး ကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း အကြိမ်ကြိမ် ရခဲ့ပေမယ့် အဂွဲရိုး၊ ဒီဘရိုင်းတို့ အဆုံးသတ် မသေချာတာကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ မန်စီးတီးအသင်းရဲ့ ဖြတ်တင်ဘောကို ချယ်လ်ဆီး နောက်ခံလူ ကာဟေးလ် ဖျက်ထုတ်ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် မန်စီးတီး (၁-၀)ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း အဂွဲရိုး၊ ဒီဘရိုင်းတို့ နေရာလွတ်တွေ အများအပြား ရခဲ့ပေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ (၅၇)မိနစ်မှာ ဒီဘရိုင်းရဲ့ အနီးကပ်ကန်ချက် ဘားတန်းထိ ထွက်ခဲ့တာကြောင့် မန်စီးတီး (၂-၀)ဂိုးနဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။
မိနစ်(၆၀)မှာတော့ ကွင်းလယ်လူ ဖာဘရီဂတ်စ် ကွင်းလယ်က ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဒီယေဂိုကော်စတာက ထိန်းယူပြီး မန်စီးတီး နောက်ခံလူ အော်တာမန်ဒီ ကပ်ထားတဲ့ ကြားထဲက ရုန်းထွက်ကာ အပိုင်ကန်သွင်းခဲ့ပါတယ်။
ချေပဂိုးရပြီး နောက်(၁၀)မိနစ်အကြာ ပွဲချိန်(၇၀)မိနစ်မှာ တန်ပြန်တိုက်စစ်က တစ်ဆင့် ဒီယေဂိုကော်စတာ ဖန်တီးပေးတဲ့ ဘောလုံးကို ပတ်ဒရိုအစား လူစားဝင်လာတဲ့ ၀ီလီယံက ထောင့်ဖြတ် ကန်သွင်းပြီး ချယ်လ်ဆီး ဦးဆောင်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ချေပဂိုးရဖို့ ပြန်လည် တိုက်စစ်ဆင်လာပေမယ့် ချယ်လ်ဆီးကပဲ တန်ပြန်တိုက်စစ်က တစ်ဆင့် နောက်တစ်ဂိုး ထပ်သွင်းသွားပါတယ်။ ပွဲချိန်မိနစ်(၉၀)မှာ ဟာဇက်က သွင်းယူသွားခဲ့တာပါ။
နာကျင်အချိန်ပိုမှာတော့ ဒေးဗစ်လူးဝစ်ဇ်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းတဲ့ မန်စီးတီး တိုက်စစ်မှူး အဂွဲရိုး တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရသလို၊ နှစ်သင်း ကစားသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ဖာဘရီဂတ်စ်ကို ရန်ရှာခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ဖာနန်ဒင်ဟိုလည်း တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ချယ်လ်ဆီး အသင်းက ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး မန်စီးတီး အသင်းရဲ့အိမ်ကွင်း အီတီဟတ်မှာ ဂိုးပြတ် အနိုင်ကစားပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်လိုက်တာပါ။
■ ပွဲရလဒ်
မန်စီးတီး ၁-၃ ချယ်လ်ဆီး
Photos: DailyMail, ESPN
 
 
No comments:
Post a Comment