Thursday, February 23, 2017

ရုပ်သံဈေးကွက်ကြောင့် ချယ်လ်ဆီးနှင့် ကစားရမည့်ပွဲကို တနင်္လာနေ့သို့ ရွှေ့ကစားမည့်အပေါ် မော်ရင်ဟို ဒေါသထွက်

မန်ယူအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းနှင့် ကစားမည့် FA ဖလားပွဲစဉ်အား တနင်္လာနေ့သို့ နောက်ဆုတ်ကစားမည့်အပေါ် စိတ်ဆိုးဒေါသထွက်နေကြောင်း သိရှိရသည်။
ရုပ်သံမူပိုင်ခွင့်ရထားသူများ၏အစီအစဉ်အရ FA က ချယ်လ်ဆီး-မန်ယူပွဲစဉ်ကို တနင်္လာနေ့ကို ရှေ့တိုးကစားစေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ရှေ့တိုးခဲ့ခြင်းအတွက် မန်ယူအသင်းသည် ယူရိုပါလိဂ် (၁၆)သင်းရှုံးထွက်ပွဲစဉ်ကစားမည့်နေ့နှင့် အလွန်နီးကပ်သွားခဲ့သည်။
မန်ယူအသင်းသည် ယူရိုပါလိဂ် (၁၆)သင်းရှုံးထွက်အဆင့်တွင်မည်သည့်အသင်းနှင့် တွေ့မည်ကို မသိရသေးသော်လည်း ပြည်ပကလပ်အသင်းတစ်သင်းသင်းနှင့် ကစားမည်ဆိုပါက ပြန်လည်အားဖြည့်မည့်အချိန်၊ လေ့ကျင့်ချိန် အလုံအလောက်ရရှိတော့မည်မဟုတ်ချေ။ ယင်းပွဲသည် ယူရိုပါလိဂ်ပထမအကျော့နှင့် ဒုတိယအကျော့ ပွဲစဉ်ကြားတွင် ကစားရမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲသည် အိမ်ကွင်းပွဲစဉ် မဟုတ်ဘဲ အဝေးကွင်းပွဲစဉ်ကိုဖြစ်နေပါက ပိုဆိုးသွားမည့်အခြေအနေတွင်ရှိနေသည်။
ယင်းအတွက်ကြောင့် မော်ရင်ဟိုက "ဥရောပပွဲကစားမယ့်အသင်းတစ်သင်းကို ဒီလိုဆုံးဖြတ်ချက်ချတယ်ဆိုတာကို ကျွန်တော် တော်တော်လေး အံ့သြမိတယ်။ ယူရိုပါလိဂ် နောက်တစ်ဆင့်မှာ ကျွန်တော်တို့ ဘယ်သူနဲ့ ကစားရမယ်။ အိမ်ကွင်းလား၊ အဝေးကွင်းလားတောင် မသိသေးတဲ့အချိန်မှာ ဒီလို ရှေ့တိုးပြီး ဆုံးဖြတ်တာ မယုံနိုင်စရာပဲ။ ကျွန်တော်တို့က ချယ်လ်ဆီးနဲ့ တနင်္လာနေ့မှာကစားရမယ်။ ပြီးရင် ယူရိုပါလိဂ် ဒုတိယအကျော့ကို ရုရှား၊ တူရကီ၊ ဂရိ တို့လို နိုင်ငံတွေကို သွားကစားရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အင်္ဂလိပ်ဘောလုံးဟာ ဥရောပမှာ အောင်မြင်ဖို့ ဒီ့ထက်ပိုပြီး ဂရုတစိုက်လုပ်သင့်ပါတယ်"ဟု ပြောကြားသွားခဲ့သည်။
Photo: Mirror

No comments:

Post a Comment