■  ပရီးမီးယားလိဂ်တွင် (၃)ရာသီဆက် ဂိုး(၂၀)နှင့်အထက်သွင်းယူ နိုင်သည့် စတုတ္ထမြောက်ကစားသမားအဖြစ် ဟာရီကိန်းမှတ်တမ်းဝင်
==========================
          စပါးအသင်း၏ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဟာရီကိန်းသည် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် (၃)ရာသီဆက် ဂိုး(၂၀)နှင့်အထက် သွင်းယူနိုင်သည့် စတုတ္ထမြောက်ကစားသမား အဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရှိရသည်။ ဟာရီကိန်းသည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် စပါး(၄-၀)ဘုန်း မောက်ပွဲတွင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ရာ ၎င်းဂိုးမှာ ယခုရာသီသူ၏ ဂိုး(၂၀)မြောက် ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်ခဲ့သည်။
 
 ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ယခင်က ဟာရီကိန်းကဲ့သို့ ဂိုး(၂၀)နှင့်အထက် (၃)ရာသီဆက် သွင်းယူခဲ့သူများမှာ အလန်ရှီးယား၊ နစ္စတယ်ရွိုင်း၊ အွန်နရီအစရှိသည့် ဂန္ထ၀င် တိုက်စစ်မှူးများ ဖြစ်ကြသည်။ အလန်ရှီးယားသည် ဘလက်ဘန်းအသင်းတွင်ကစားစဉ် ၁၉၉၃-၉၄၊ ၁၉၉၄-၉၅၊ ၁၉၉၅-၉၆ရာသီများ တွင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ နစ္စတယ်ရွိုင်းမှာ မန်ယူအသင်းတွင်ကစားစဉ် ၂၀၀၁-၀၂၊ ၂၀၀၂-၀၃၊ ၂၀၀၃-၀၄ရာသီများတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ အွန်နရီမှာ အာဆင်နယ်အ သင်းတွင်ကစားစဉ် ၂၀၀၁-၀၂၊ ၂၀၀၂-၀၃၊ ၂၀၀၃-၀၄ရာသီများ၌ သွင်းယူခဲ့ခြင်းဖြစ်သည်။ 
ဟာရီကိန်းသည် မတ်လအတွင်း မီ ဝေါလ်နှင့်ကစားခဲ့သော FA ဖလားပွဲစဉ်တွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အနားယူခဲ့ရပြီး အသင်း၏ပွဲစဉ်တစ်ချို့ကိုလွဲ ချော်ခဲ့ရသည်။ သို့ဖြစ်ရာ ယခုဘုန်းမောက်နှင့် ပွဲတွင် သူသွင်းယူခဲ့သည့်ဂိုးမှာ မတ်လ(၅) ရက်နေ့က ကစားခဲ့သော စပါး(၃-၂)အဲဗာတန်ပွဲစဉ်အပြီး သူ၏ ပထမဆုံးပရီးမီးယားလိဂ် သွင်းဂိုးလည်းဖြစ်သည်။ ဟာရီကိန်းသည် ယခု ရာသီစပါးအသင်းတွင် ပရီးမီးယားလိဂ်ဂိုး (၂၀)အပါအ၀င်ပြိုင်ပွဲစုံ (၂၅)ဂိုးသွင်းယူကာ အသင်း၏ဂိုးအများဆုံးသွင်းသူအဖြစ်လည်း ဦးဆောင်လျက်ရှိသည်။
သူ့အနေဖြင့် စပါးအသင်းသမိုင်းတစ်လျှောက်တွင် ဂိုး(၂၀)နှင့်အထက် (၃)ရာသီဆက်သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်းသိရှိရသည်။ စပါးအသင်းတွင် ၂၀၀၉ ခုနှစ်မှစတင်၍ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးအဖြစ် စာချုပ်ချုပ်ဆိုခဲ့သော ဟာရီကိန်းသည် လေတန်၊ မီဝေါလ်၊ နောဝစ်ခ်ျ၊ လက်စတာအသင်းများတွင် အငှားသွား ရောက်ကစားခဲ့ဖူးသူဖြစ်ပြီး စပါးအသင်းအတွက် ပြိုင်ပွဲစုံ(၁၅၈)ပွဲကစားရာတွင် (၈၉)ဂိုး သွင်းယူပေးထားသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်မူ ဟာရီကိန်းသည် (၅)ရာသီအတွင်း (၁၀၇)ပွဲကစားကာ (၆၉)ဂိုးသွင်းယူပေးထားပြီး နောက်ဆုံး (၃)ရာသီတွင် (၆၆) ဂိုးသွင်းယူထားခြင်းဖြစ်သည်။ ဟာရီကိန်းသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်မူ (၁၇)ပွဲ ကစားကာ (၅)ဂိုးသွင်းယူပေးထားသည်။
Photos: The Sun,Getty Images
 
No comments:
Post a Comment