■ မန်ယူနဲ့ အေဂျက်စ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့
ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မန်ယူအသင်းက ဆယ်လ်တာဗီဂိုကို သရေသာ ကစားနိုင်ခဲ့သလို၊ အေဂျက်စ်အသင်းကလည်း လိုင်ယွန်ကို ရှုံးနိမ့်ခဲ့ပေမယ့် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ကြပါတယ်။
နောက်ဆုံးဗိုလ်လုပွဲကိုတော့ မေလ(၂၄)ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မန်ယူအသင်းက ဒီပြိုင်ပွဲမှာ ချန်ပီယံဆု ရယူဖို့ မျှော်မှန်းထားတာနဲ့အညီ အတောင့် တင်းဆုံးလူစာရင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ 
အီဘရာဟီမိုဗစ် ဒဏ်ရာရနေပေမယ့် ၀ါရင့်တိုက်စစ်မှူး ရွန်နီကတော့ အရံခုံမှာသာ ထိုင်ခဲ့ရပြီး လူငယ်ကစားသမား ရပ်ရှ်ဖို့ဒ်က တိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။ 
ဆယ်လ်တာဗီဂိုအသင်းမှာ အက်စ်ပတ်စ်၊ ဆစ္စတို၊ ဂူဒက်တီတို့နဲ့ လူစုံ ခဲ့ပေမယ့် မန်ယူအသင်းက ကောင်းကောင်း ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဂိုးရဖို့ လိုအပ်နေတဲ့ ဆယ်လ်တာဗီဂိုအသင်းက တိုက်စစ်ဖွင့် ကစားခဲ့ပြီး မန်ယူအသင်းကတော့ အမှားအယွင်းနည်းဖို့ကိုပဲ အဓိကထားကစားခဲ့ပါတယ်။ 
ဒါကြောင့် ဆယ်လ်တာဗီဂိုအသင်း အသာရခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ အန္တရာယ်ဖြစ်လောက်တဲ့ ထိုးဖောက်မှုတွေတော့ သိပ်မလုပ်နိုင်ခဲ့ပါဘူး။ မန်ယူအသင်းက ခံစစ်ကို အာရုံစိုက်နေခဲ့ပေမယ့် (၁၇)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ပေးပို့မှု ကနေ ဖယ်လေနီက အနီးကပ်ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ကွင်းလယ်တိုက်စစ်ကို အပြောင်းအလဲလုပ်ခဲ့တဲ့ ဆယ်လ်တာဗီဂိုအသင်းရဲ့ တိုက်စစ်ကစားပုံ ပိုကောင်းလာခဲ့သလို၊ မန်ယူအသင်းဘက်ကို တောက်လျှောက်ဖိကစားနိုင်ခဲ့ပါတယ်။ 
ဒါပေမဲ့ အဆုံးသတ်ပိုင်းမှာ ဖြုန်းတီးမှုတွေ များခဲ့တာကြောင့် မန်ယူအသင်း သက်သာရာရခဲ့ပါတယ်။ 
မိနစ်(၈၀)၀န်းကျင်မှာ မော်ရင်ဟိုက မစ်ခီတာရီယန်နေရာ ကာရစ်ကို အစားထိုးပြီး  ခံစစ်ကို အားဖြည့်ခဲ့ပါတယ်။ 
(၈၅)မိနစ်မှာတော့ ရွန်ကာဂလီယာက ဆယ်လ်တာဗီဂိုအသင်းအတွက် ချေပဂိုးသွင်းယူခဲ့ပြီး (၈၈)မိနစ်မှာ ဘာယီနဲ့ ရွန်ကာဂလီယာတို့ အချင်း များခဲ့တာကြောင့် နှစ်ဦးစလုံး ထုတ်ပယ်ခံခဲ့ရပါတယ်။
ပွဲပြီးခါနီးမှာ ဆယ်လ်တာဗီဂိုအသင်း အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် မန်ယူကံကောင်းခဲ့ပါတယ်။ 
မန်ယူ ၁-၁ ဆယ်လ်တာဗီဂို
(နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးဖြင့် မန်ယူ ဗိုလ်လုပွဲတက်)
လိုင်ယွန် ၃-၁ အေဂျက်စ်
(နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဂိုးဖြင့် အေဂျက်စ်အသင်း ဗိုလ်လုပွဲတက်)
Photos: Dailymail
 
No comments:
Post a Comment