Sunday, May 21, 2017

နိုင်ပွဲရပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ်

၂၀၁၆-၁၇ ရာသီ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲတွေမှာ စိတ်ဝင်စားစရာ
အကောင်းဆုံးက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ လီဗာ ပူးလ်-မစ်ဒယ်ဘရော့၊ အာဆင်နယ်-အဲဗာတန်တို့ပွဲစဉ်တွေဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ အာဆင်နယ်တို့အကြားအမှတ်ကွာဟမှုက တစ်မှတ်သာရှိ
တာကြောင့် အာဆင်နယ်အတွက် မျှော်လင့်ချက်ရှိခဲ့ပေမယ့် လီဗာပူးလ်
အသင်းက အမှားအယွင်းမရှိ နိုင်ပွဲရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် အရယူခဲ့ပါ
တယ်။

အာဆင်နယ်အသင်းဟာ အဲဗာတန်ကို မဖြစ်မနေအနိုင်ရမှဖြစ်မှာကြောင့်
အခုပွဲကို အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး တိုက်စစ်ဆင်ကစားခဲ့တယ်။ ဒါပေမဲ့ အဲဗာတန်အသင်းတိုက်စစ်မှူး အန်နာဗလင်စီယာကို အာဆင်နယ်
နောက်ခံလူတွေ ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရပြီး (၁၄)မိနစ်မှာ သူ့ကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ကစားခဲ့လို့ ကိုစီယဲလ်နီ တိုက်ရိုက်အနီ ကတ်နဲ့ အထုတ်ခံခဲ့ရတယ်။ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို
ပွဲအစ(၈)မိနစ်မှာပဲ အိုဇေးလ်ထိုးပေးတဲ့ ဘောလုံးကို ဘယ်လာရင်က
ပြေးပိတ်သွင်းခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ ဒုတိယဂိုးက(၂၇)မိနစ်မှာ
ဝဲလ်ဘတ်ရဲ့ ပေးပို့မှုကနေ အလက်ဆစ်ဆန်းချက်ဇ်က ပိတ်သွင်းယူခဲ့တာ
ဖြစ်ပါတယ်။ (၅၈)မိနစ်မှာ ပယ်နယ်တီကနေ လူကာကူက အဲဗာတန်အ
သင်းအတွက် ချေပဂိုးသွင်းခဲ့ပေမယ့် (၉၁)မိနစ်မှာ ရမ်ဆေးက လှပတဲ့
အဝေးကန်ချက်နဲ့ တတိယမြောက်ဂိုးသွင်းယူခဲ့တယ်။ အာဆင်နယ် အသင်းအနေနဲ့ ၁၉၉၈-၉၉ ရာသီက စပြီး ချန်ပီယံလိဂ်ကို နှစ်စဉ်ဝင်ခွင့်ရခဲ့ပေမယ့် အခုတော့ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်နဲ့လွဲချော်ခဲ့တဲ့အပြင် အဆင့်(၅)နေရာသာရခဲ့တာကြောင့်
၁၉၉၆ နောက်ပိုင်း အဆိုးရွားဆုံးရပ်တည်မှုဖြစ်ခဲ့တယ်။ဒါ့အပြင် နောက်ခံ လူ ကိုစီယဲလ်နီ ပွဲပယ်ကြောင့် FA ဖလားဗိုလ်လုပွဲကို လွဲချော်မှာဖြစ်သလို ဂါဘရီယဲလ်လည်း ဒဏ်ရာရခဲ့တာကြောင့် အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

တစ်ပြိုင်နက်ကစားခဲ့တဲ့ လီဗာပူးလ်-မစ်ဒယ်ဘရော့ပွဲမှာလည်း လီဗာပူးလ်
အသင်းက (၃-၀)ဂိုးနဲ့အနိုင်ရခဲ့တယ်။ ဒီပွဲမှာ မစ်ဒယ်ဘရော့က သာမန်ပဲ
ကစားသွားပေမယ့် လီဗာပူးလ်အသင်း ဂိုးရလိုဇော များနေလို့ ဘောလုံး
အပျက်များခဲ့ပါတယ်။ တစ်ဖက်ကပွဲမှာ အာဆင်နယ် အနိုင်ရနေတဲ့အတွက်
ဒီပွဲကို မဖြစ်မနေအနိုင်ကစားရတော့မှာဖြစ်လို့ လီဗာပူးလ် တိုက်စစ်ဆင်
ခဲ့ပေမယ့် စိုးရိမ်စိတ်တွေ များနေတဲ့အပြင် မစ်ဒယ်ဘရော့အသင်းကလည်း
တည်တည်ငြိမ်ငြိမ်နဲ့ ခံကစားသွားခဲ့တယ်။ ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ၀ိုင်နယ်လ်ဒန်းက လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက်
မှာတော့ ကစားပုံ ပြန်ငြိမ်သွားခဲ့ပြီး ကျန်တဲ့ဂိုးတွေကို (၅၁)မိနစ်မှာ ကော်
တင်ဟိုရဲ့ လှပတဲ့ ဖရီးကစ်ကန်ချက်၊ (၅၆)မိနစ်မှာ လယ်လာနာတို့က သွင်းယူခဲ့တာပါ။

ကျန်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေဖြစ်တဲ့ ချယ်လ်ဆီး၊ စပါး၊ မန်စီးတီး၊ မန်ယူတို့ နိုင်ပွဲတွေ အသီးသီးရခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဆန်းဒါး
လန်းနဲ့ပွဲမှာ မန်ကွီယိုရဲ့ဂိုးကြောင့် နောက်က လိုက်ကစားခဲ့ရပေမယ့်
ဝီလီယံ၊ ဟာဇက်၊ ပတ်ဒရို၊ ဘတ်ရှုအာယီ(၂ဂိုး)တို့က ဂိုးတွေပြန်သွင်းခဲ့
တယ်။ အသင်းနဲ့လမ်းခွဲတော့မယ့် ဂန္ထ၀င်နောက်ခံလူတယ်ရီကို ဂုဏ်ပြု
တဲ့အနေနဲ့ ပွဲချိန်(၂၆)မိနစ်မှာ လက်ခုပ်တီးဂုဏ်ပြုခဲ့ပြီး ကာဟေးလ်နဲ့
လူစားလဲခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၃၈)ရလဒ်များ
အာဆင်နယ် ၃-၁ အဲဗာတန်
ဘန်လေ ၁-၂ ၀က်စ်ဟမ်း
ချယ်လ်ဆီး ၅-၁ ဆန်းဒါးလန်း
ဟားလ်စီးတီး ၁-၇ စပါး
လက်စတာ ၁-၁ ဘုန်းမောက်
လီဗာပူးလ် ၃-၀ မစ်ဒယ်ဘရော့
မန်ယူ ၂-၀ ပဲလေ့စ်
ဆောက်သမ်တန် ၀-၁ စတုတ်စီးတီး
ဆွမ်ဆီး ၂-၁ ၀က်စ်ဘရွန်း
ဝက်ဖို့ဒ် ၀-၅ မန်စီးတီး

No comments:

Post a Comment