Saturday, July 30, 2016

ဒီယေဂိုကော်စတာအား ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းရန် အသင်းဟောင်း အက်သလက်တီကို စီစဉ်နေ

ဒီယေဂိုကော်စတာအား ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းရန်
အသင်းဟောင်း အက်သလက်တီကို စီစဉ်နေ
ချယ်လ်ဆီးအသင်းတိုက်စစ်မှူးဒီယေဂိုကော်စတာကို ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းရန် အသင်းဟောင်း
အက်သလက်တီကိုက စီစဉ်လျက်ရှိကြောင်း သိရသည်။
ဒီယေဂိုကော်စတာသည် ၂၀၁၄ခုနှစ်က အက်သလက်တီကိုမှ ချယ်လ်ဆီးအသင်းသို့ ပေါင်(၃၂)သန်းဖြင့်
ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးယခုအခါ အက်သလက်တီကိုအသင်းက
၎င်းတို့၏ တိုက်စစ်မှူးဟောင်းကို
မူလရောင်းချခဲ့သောဈေးထက် ပိုမိုများပြားသည့် ပမာဏဖြင့် ပြန်လည်ကမ်းလှမ်းရန်စီစဉ်နေခြင်းဖြစ်သည်။

ဒီယေဂိုကော်စတာသည် ပြီးခဲ့သည့် ချယ်လ်ဆီးအသင်း၏ သြစတြီးယားခြေစမ်းခရီးစဉ်၌ ပါဝင်ကစားခဲ့သော်လည်း
လီဗာပူးလ်အသင်းနှင့် International Champions Cup ပွဲစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ဒီယေဂိုကော်စတာကို ရောင်းချရန်ဆန္ဒမရှိသော်လည်း
ရာသီသစ်၌ ပုံမှန်ပွဲထွက်ခွင့်ရရန် အာမမခံကြောင်း အရိပ်အမြွက်ပြောကြားခဲ့ဖူးသည်။
Photo: Daily Mail

ရာသီသစ်မစတင်မီ မန်စီးတီးနှင့် အဂွဲရိုး စာချုပ်သက်တမ်းတိုးမည်

ရာသီသစ်မစတင်မီ မန်စီးတီးနှင့် အဂွဲရိုး စာချုပ်သက်တမ်းတိုးမည်
တိုက်စစ်မှူး အဂွဲရိုးသည် လာမည့်ရာသီသစ်မတင်မီ အသင်းနှင့်စာချုပ်သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း
မန်စီးတီးအသင်းက အတည်ပြုခဲ့သည်။
အသက်(၂၈)နှစ်အရွယ်အဂွဲရိုးနှင့် မန်စီးတီးအသင်းတို့ကြားမှ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၁၉ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း စာချုပ်သက်တမ်းတိုးရန် ပြီးခဲ့သည့်ဇန်န၀ါရီလကတည်းက ကနဦးသဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
အဂွဲရိုးသည် ၂၀၁၁ခုနှစ်က အက်သလက်တီကိုမှ မန်စီးတီးအသင်းသို့
ပေါင် (၃၈)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး
မန်စီးတီးဘက်က ၎င်းတို့၏ ထိပ်တန်းတိုက်စစ်မှူးကို
အသင်း၌ ကာလရှည်ဆက်နေရန် ဆန္ဒရှိနေကြောင်း သိရသည်။

ထို့ပြင် မန်စီးတီးအသင်းသည် အသက်(၃၁)နှစ်အရွယ် ကွင်းလယ်လူဖာနန်ဒင်ဟိုကိုလည်း စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိသည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည်
ဖာနန်ဒင်ဟိုကို ပြီးခဲ့သည့်ရက်ပိုင်းက ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ဖာနန်ဒင်ဟိုသည် မတူညီသောနေရာ (၁၀)ခုလောက်တွင်
ကစားနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
(ပုံစာ - စာချုပ်သက်တမ်းတိုးရန် နီးစပ်နေသည့် အဂွဲရိုး၊
မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့်အတူတွေ့ရသည့် ဖာနန်ဒင်ဟို)
Photos: Manchester City FC




မက်ဆီပြန်ကစားရန် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ စည်းရုံးမည်

လက်ရွေးစင်အသင်း၌ မက်ဆီပြန်ကစားရန် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ စည်းရုံးမည်
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) ဥက္ကဋ္ဌ အာမန်ဒိုပီရက်ဇ်သည် လက်ရွေးစင်အသင်းအတွက် မက်ဆီ ပြန်လည်ကစားရန် စပိန်နိုင်ငံသို့သွားရောက်၍ ဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လက်ရွေးစင်အသင်းနှင့် အောင်မြင်မှုတစ်ကြိမ်မျှ မရဖူးသည့် မက်ဆီသည် ဇွန်လအတွင်းကျင်းပခဲ့သည့် ကိုပါအမေရိကဖလား နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပယ်နယ်တီလွဲချော်ခဲ့ပြီး
ဒုတိယနေရာနှင့် ထပ်မံကျေနပ်ခဲ့ရသည်။
ယင်းပွဲအပြီးတွင် မက်ဆီက လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူတော့မည်ဖြစ် ကြောင်း ကြေညာခဲ့ရာ
ပီရက်ဇ်က စပိန်နိုင်ငံအထိ သွား ရောက်စည်းရုံးရန်
စီစဉ်ထားခြင်းဖြစ်သည်။

'' လီယို (မက် ဆီ) ရဲ့ အဖေနဲ့ စကားပြောပြီးပါပြီ။ လာမယ့်တစ်ပတ်မှာ တွေ့ဆုံဖို့ သဘောတူညီမှုရထားပါတယ်။
အရေးကြီးဆုံးက လာမယ့်ပွဲစဉ်တွေ (၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ)မှာ သူပါဝင်လာဖို့ပါပဲ'' ဟု ၎င်းက Ole သတင်းစာသို့ ပြော ကြားခဲ့သည်။
(ပုံစာ - ဘာစီလိုနာအသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် တွေ့ရသည့် မက်ဆီ)
Photo: AFP

Thursday, July 28, 2016

အသင်းခေါင်းဆောင်ရာထူးကို မန်စီးတီးအသင်းသားများကိုယ်တိုင် ရွေးချယ်ခွင့်ရရှိမည်

ကွန်ပနီ ဒဏ်ရာရနေသည့်ကာလအတွင်း အသင်းခေါင်းဆောင်ရာထူးကို
မန်စီးတီးအသင်းသားများကိုယ်တိုင် ရွေးချယ်ခွင့်ရရှိမည်
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းခေါင်းဆောင် ကွန်ပနီဒဏ်ရာရရှိနေသည့်ကာလအတွင်း
အသင်းခေါင်းဆောင်ရာထူးကို အသင်းသားများကိုယ်တိုင် ရွေးချယ်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။
ကွန်ပနီသည် ပြီးခဲ့သည့်ဘောလုံးရာသီအတွင်းက ဒဏ်ရာပြသနာကြောင့် မန်စီးတီးအသင်း၏ ပွဲစဉ်အများစုကို လွဲချော်ခဲ့ရသလို၊ မေလအတွင်းက ကစားခဲ့သည့် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ရရှိခဲ့သော
ပေါင်ဒဏ်ရာကြောင့် မန်စီးတီးအသင်း၏ ပွဲစဉ်များအပြင် ယူရို-၂၀၁၆ ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရသူဖြစ်သည်။

ယင်းဒဏ်ရာကြောင့် ကွန်ပနီမှာ လာမည့် ၂၀၁၆-၁၇ ဘောလုံးရာသီ မန်စီးတီးအသင်း၏ ရာသီအစပွဲစဉ်များကို
လွဲချော်ဖွယ်ရှိနေသဖြင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာက '' အသင်းခေါင်းဆောင်ရာထူးအတွက် ကစားသမားတွေကိုယ်တိုင် ဆုံးဖြတ်ရပါလိမ့်မယ်။ အသင်းခေါင်းဆောင်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိပါတယ်။
အသင်းခေါင်းဆောင်ရာထူးအပြောင်းအလဲလုပ်ချင်လို့ ကစားသမားတွေ တိုင်ပင်နေတဲ့အချိန်မျိုးမှာ
ကျွန်တော်က အ၀တ်လဲခန်းနဲ့ နားနေခန်းတွေမှာ ကျွန်တော်ရှိနေမှာ မဟုတ်ပါဘူး။
သူတို့ကို ဦးဆောင်မယ့် အကောင်းဆုံးလူတစ်ဦးကို ရွေးချယ်သွားရမှာပါ။
ဒီအသင်းကို ကျွန်တော်ရောက်တာ လပိုင်းတာရှိသေးလို့ တစ်ယောက်အကြောင်းကို တစ်ယောက် ကျွန်တော်ထက်ပိုသိပါလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဘောလုံးရာသီက ကွန်ပနီဒဏ်ရာရရှိနေချိန်များတွင် မန်စီးတီးအသင်းခေါင်းဆောင်ရာထူးကို
ဂိုးသမား ဂျိုးဟတ်၊ ကွင်းလယ်လူ ယာယာတိုရေးနှင့် နောက်ခံလူ ဇာဘလက်တာတို့က တာဝန်ယူခဲ့ဖူးကြောင်း
သိရသည်။
Photos: Daily Mail


ချယ်လ်ဆီးနည်းပြသစ် ကွန်တီထံမှ ကမ်းလှမ်းမှုရရှိခဲ့သည်ဟု တီဗက်ဇ် ဖွင့်ဟ

ချယ်လ်ဆီးနည်းပြသစ် ကွန်တီထံမှ ကမ်းလှမ်းမှုရရှိခဲ့သည်ဟု တီဗက်ဇ် ဖွင့်ဟ
ဘိုကာဂျူနီယာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်က ဂျူ ဗင်တပ်စ်အသင်းတွင် လက်တွဲခဲ့ဖူးသည့် နည်းပြဟောင်း ကွန်တီထံမှ ချယ်လ်ဆီးအသင်းတွင် လာရောက်ကစားရန်ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း
ထုတ်ဖော်ပြောကြားခဲ့သည်။
'' မိသားစုနဲ့ အပြင်ထွက်ပြီး ကားမောင်းနေတဲ့အချိန်မှာ ကွန်တီထံက
ဖုန်းဝင်လာပါတယ်။ သူတိုက်စစ်မှူးးတစ်ဦး အလိုရှိနေကြောင်းနဲ့
ချယ်လ်ဆီးမှာကစားဖို့ စိတ်ဝင်စားသလားလို့ လှမ်းမေးပါတယ်'' ဟု ၃၂ နှစ်အရွယ်ရှိ တီဗက်ဇ်က Radio La Red သို့ ပြောကြားခဲ့သည်။
သို့သော် တီဗက်ဇ်က ၄င်းအနေဖြင့် ဘိုကာဂျူ နီယာအသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း ကွန်တီထံ အကြောင်းပြန်ကြားခဲ့သည်ဟုလည်း
ဖွင့်ဟသွားခဲ့သည်။
Photo:Gettyimages

ပေါ့ဘာ၏ ဆေးစစ်မှု အေးဂျင့်ကြောင့် ပျက်ပြယ်ခဲ့ရ

■ ပေါ့ဘာ၏ ဆေးစစ်မှု အေးဂျင့်ကြောင့် ပျက်ပြယ်ခဲ့ရ
မန်ယူအသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်နေသည့် ဂျူဗင်တပ်စ်အသင်းမှ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ပြီးခဲ့သည့်အင်္ဂါနေ့ မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ၊ မိုင်ယာမီတွင် ဆေးစစ်မှုခံယူရန် စီစဉ်ထားသော်လည်း အေးဂျင့်ဖြစ်သူ ရိုင်အိုလာမှ ဖျက်သိမ်းခဲ့သောကြောင့် ပျက်ပြယ်ခဲ့ရကြောင်း စပိန်သတင်းစာ AS က ဖော်ပြခဲ့သည်။
သက်ဆိုင်ရာကလပ်အသင်းများကြား သဘောတူညီမှုရရှိရန် နီးစပ်နေသော်လည်း အေးဂျင့်ဖြစ်သူ ရိုင်အိုလာမှ
ယင်းအပြောင်းအရွှေ့မှ ကော်မရှင်ခအဖြစ် ယူရိုသန်း ၃၀ အထိ ရရှိရန် အလိုရှိနေသောကြောင့် အပြောင်းအရွှေ့ မှာ ကြန့်ကြာနေခြင်းဖြစ်သည်။


ICC ပွဲစဉ်များတွင် လီဗာပူးလ်ကို ချယ်လ်ဆီး အနိုင်ကစားခဲ့ပြီး ရီးယဲလ်အသင်း ရှုံးပွဲကြုံတွေ့

■ ICC ပွဲစဉ်များတွင် လီဗာပူးလ်ကို ချယ်လ်ဆီး အနိုင်ကစားခဲ့ပြီး ရီးယဲလ်အသင်း ရှုံးပွဲကြုံတွေ့
အမေရိကန်နိုင်ငံတွင် ဇူလိုင် ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် International Champions Cup ပွဲစဉ်များတွင် ချယ်လ်ဆီးအသင်းက လီဗာပူးလ်ကို အနိုင်ကစားခဲ့ပြီး ရီးယဲလ်အသင်းမှာမူ PSG အသင်းကို
အရေးနိမ့်ခဲ့ရသည်။
ချယ်လ်ဆီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို (၁၀)မိနစ်မှာပင်
နောက်ခံလူ ကာဟေးလ်က သွင်းယူခဲ့တာဖြစ်ပြီး လီဗာပူးလ်နောက်ခံလူ
ကလာဗန်ကို ခပ်ကြမ်းကြမ်းဖျက်ထုတ်ခဲ့သည့် ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်မှာ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ရီးယဲလ်အသင်းမှာ PSG အသင်းမှ အီကိုနေး၊ မူနီယာ(၂ ဂိုး)တို့၏ သွင်းဂိုး
များကြောင့် (၃)ဂိုးပြတ်ရှုံးနိမ့်နေပြီးမှ နောက်ခံလူ မာဆယ်လိုက ပယ်နယ်တီမှ တစ်ဆင့် နှစ်သိမ့်ချေပဂိုးပြန်သွင်းခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်-အေစီပွဲတွင် ဘိုင်ယန်မှ ရီဘာရီ(ပယ်နယ်တီဂိုးအပါအ၀င် ၂ ဂိုး)နှင့် အလာဘာ၊ အေစီမီလန်မှ နီယန်း၊ ဘာတိုလက်ချီ၊ ကူကာတို့၏ဂိုးများကြောင့်
တစ်ဖက် သုံးဂိုးစီသရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်တွင်မူ
အေစီမီလန်က အနိုင်ရရှိခဲ့သည်။
ပွဲရလဒ်များ
--------
ရီးယဲလ်မက်ဒရစ် ၁-၃ PSG
ဘိုင်ယန်မြူးနစ် ၃-၃ အေစီမီလန်
(Pen ၅-၃ ဖြင့် အေစီမီလန်နိုင်)
ချယ်လ်ဆီး ၁-၀ လီဗာပူးလ်
Photos:AFP


Saturday, July 2, 2016

ကိုယ်လာခဲ့တဲ့ နေရာကို မှတ်မိနေရမယ်လို့ ကိုးလ်မန်းပြော

ကိုယ်လာခဲ့တဲ့ နေရာကို မှတ်မိနေရမယ်လို့ ကိုးလ်မန်းပြော
===================================
ဇူလိုင် ၂၊ ၂၀၁၆။

ခရစ္စကိုးလ်မန်းရဲ့ ဝေးလ်စ်အသင်းဟာ သူတို့နိုင်ငံသမိုင်းမှာတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ မှတ်တမ်းသစ်တွေ ပြုစုရေးသားဖို့အတွက် အောင်မြင်မှုတွေကို ယူဆောင်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုးလ်မန်းက သူတို့အနေနဲ့ ကိုယ်ဘယ်ကလာခဲ့သလဲ
ဆိုတာကို မှတ်မိနေဖို့က အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။

အသင်းငယ်လေးလို့ သိထားကြတဲ့ ဝေးလ်စ်အသင်းဟာ လုံးဝကို အံ့သြတုန်လှုပ်ဖွယ်အဖြစ် ဖီဖာသတ်မှတ်ချက် အဆင့် ၂ရှိတဲ့ ဘယ်လ်ဂျီယံအသင်းကို တစ်ဂိုးရှုံးနေရာကနေ သုံးဂိုး ပြန်သွင်းပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

သူတို့ဟာ အုပ်စုတွင်းမှာ အင်္ဂလန်ကို ကျော်ဖြတ်ပြီး အုပ်စုပထမနဲ့
၁၆ သင်းအဆင့်ရှုံးထွက်ကို တက်ရောက်နိုင်ခဲ့တဲ့အပြင် အခုလည်း ကွာတားဖိုင်နယ်ကို ကျော်ဖြတ်ပြီး ဖီမီးဖိုင်နယ်မှာ ပေါ်တူဂီနဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ဆိုတာ ဝေးလ်စ်အသင်းရဲ့ ဥရောပဖလားပြိုင်ပွဲသမိုင်းမှာ အခုအချိန်ထိတော့ အမြင့်မားဆုံးအောင်မြင်မှုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝေးလ်စ်အသင်းဟာ အခုတစ်ကြိမ်မှာမှ ပထမဦးဆုံးအကြိမ်အဖြစ် ဥရောပ ဖလားပြိုင်ပွဲကို ခြေစစ်ပွဲအောင် ရောက်ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

“ ဘာက ကျွန်တော်တို့ကို ဒီနေရာရောက်အောင် ယူဆောင်လာခဲ့သလဲ၊ ကျွန်တော်တို့ရဲ့ စိတ်ကူးနဲ့အတွေးက ဘာလဲဆိုတာကို ကျွန်တော်တို့ ဘယ်တော့မှ မေ့လို့မရပါဘူး။ ပြီးတော့ ဒါကို ကျွန်တော်တို့ စူးစူးစိုက်စိုက် ထားရပါမယ် ” လို့ ကိုးလ်မန်းက ပြောပါတယ်။

“ ခင်ဗျားအနေနဲ့ ပွဲတစ်ပွဲထဲ ရောက်သွားပြီဆိုရင် ပွဲရဲ့ရလဒ်ကို မထိန်းချုပ်နိုင်ဘူး။ ခင်ဗျားလုပ်နိုင်တဲ့ အရာက ခင်ဗျားရဲ့ စွမ်းဆောင်မှုကို ထိန်းချုပ်တာပါပဲ ” လို့လည်း ကိုးလ်မန်းက ထပ်ပြီးပြောသွားပါသေးတယ်။

“ ဒီပြိုင်ပွဲကြီးအဆုံးမှာ အနိုင်ရဖို့ ကျွန်တော်မတွေးဘူး။ ကျွန်တော်တို့ တွေးခဲ့တာက အုပ်စုအဆင့်ကထွက်ရမယ်။ ပြီးတော့ မြောက်အိုင်ယာလန်ကို ယှဉ်ပြိုင်မယ်။ ပြီးတော့ ဘယ်လ်ဂျီယံ ”

“ နောက်တစ်သင်းက ပေါ်တူဂီ။ ကျွန်တော့်အဖွဲ့က ပြိုင်ပွဲကြီးအဆုံးမှာ အနိုင်ရဖို့ မတွေးဘူးလို့ ပြောပါရစေ။ သူတို့က နောက်ထပ်စိန်ခေါ်မှုအကြောင်းပဲတွေးတယ်။ အဲဒါက ပေါ်တူဂီပဲ ”