■ ချယ်လ်ဆီးအသင်း၏ စီမံကိန်းများတွင် ဒီယေဂိုကော်စတာ ပါဝင်ခြင်း မရှိတော့ဟု ကွန်တီ အသိပေးခဲ့
ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူး ဒီယေဂိုကော်စတာက သူသည် လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်း၌ ဆက်ရှိတော့မည်မဟုတ်ကြောင်းနှင့် အသင်းနည်းပြ ဖြစ်သူ ကွန်တီက လာမည့်ရာသီ ချယ်လ်ဆီးအသင်းတွင် မိမိ၏အနာဂတ် မရှိတော့ဟု အသိပေးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဒီယေဂိုကော်စတာက "ပြီးခဲ့တဲ့ ရာသီတုန်းက ကျွန်တော်နဲ့ ကွန်တီရဲ့ ဆက်ဆံရေးက ဆိုးရွားခဲ့ပါတယ်။ ကျွန်တော် ရိုးရိုးသားသား ပြောရရင် ကွန်တီက သူ့အနေနဲ့ လာမယ့်ရာသီမှာ ကျွန်တော့်ကို ဆက်လက် အသုံးပြုတော့မှာ မဟုတ်ဘူးလို့ မက်ဆေ့ခ်ျပို့ခဲ့ပြီးပါပြီ။ ဒါကြောင့် ကျွန်တော် အသင်းပြောင်းဖို့ စီစဉ်နေတာပါ။ ကျွန်တော် မက်ဒရစ်မှာ နေထိုင်ဖို့ကို သဘောကျပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနာဂတ်ကို စဉ်းစားတဲ့အခါမှာ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ (၄၊ ၅)လ လောက်ကြာအောင် ဘောလုံးမကစားဘဲ ကျွန်တော် မနေနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘယ်လိဂ်ပြိုင်ပွဲဆိုတာကို စိတ်မ၀င်စားပါဘူး။ အရေးကြီးတာက ဘောလုံးကစားခွင့်ရနေဖို့ပါပဲ"ဟု ပြော ကြားခဲ့သည်။
ပြီးခဲ့သည့် ရာသီက ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဖြစ်အောင် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သူ ဒီယေဂိုကော်စတာသည် ယခုအချိန်တွင် စပိန်အသင်းနှင့်အတူ နိုင်ငံတကာပွဲစဉ်များ သွားရောက်ကစားနေပြီး မီဒီယာများနှင့်တွေ့ဆုံရာ၌ ယင်းကဲ့သို့အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီယေဂိုကော်စတာသည် မူလကအသင်းဟောင်း အက်သလက်တီကိုအသင်းသို့ ပြန်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အက်သလက်တီကိုအသင်းမှာ ကစားသမား ခေါ်ယူခွင့် အပိတ်ပင်ခံရပြီးနောက် တရုတ်စူပါလိဂ်ကလပ် တီယန်ကျင်းကွမ်ကျန်အသင်းထံသို့ ပြောင်းရွှေ့ကစားတော့မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
ချယ်လ်ဆီးအသင်းသည် အဲဗာတန်အသင်း၏ တိုက်စစ်မှူး လူကာကူအား ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိရာ ဒီယေဂိုကော်စတာအား ရောင်းထုတ်သည့် ငွေကြေးနှင့်ပေါင်းကာ ကမ်းလှမ်းသွားမည်ဟုလည်း သိရှိရသည်။
Photos: DailyMail